မြန်မာနိုင်ငံ တွင် လာမည့် ဧပြီလ ၁ ရက်နေ့ ၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲပေးနိုင်သူ အမည် စာရင်းတွင် သေဆုံးပြီးသူများ ၏ အမည်များ ပါဝင်လျက် ရှိ၍ စိုးရိမ်လျက် ရှိကြောင်း ရန်ကုန်မြို့သို့
ရောက်ရှိနေသော ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည် ဟု CNN သတင်းတွင် ဖော်ပြထားသည်။
" လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ သေပြီး သူတွေက မဲပေးဖို့ ပြင်နေကြ ပုံပါပဲ ။ ဒါမျိုး လက်သင့် မခံနိုင် ပါဘူး " ဟု ဒေါ်အောင်ဆန်းစုကြည် က ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘာ့တ် ကို ပြောကြားကြောင်း ကနေဒါ သတင်း မီဒီယာ များတွင် ဖော်ပြထားသည်။
ယခု ကိစ္စ နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် သို့ တိုင်ကြား ထားကြောင်း၊ NLD ပါတီ အနေ နှင့် အဆိုပါ ပြဿနာ များကို ဖြေရှင်းပေးရန် အဆက်မပြတ် ကျယ်ကျယ်လောင်လောင် ပြောကြားသွားမည်
ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ယခု ကဲ့သို့ မူမမှန်သော ကိစ္စရပ် များ ကြားသိ ရသည့်အတွက် လွန်စွာ စိုးရိမ် မိကြောင်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘာ့တ် ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ သည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အပြောင်းအလဲများ အတွက် အဖွင့် ခြေလှမ်း များစွာ လှမ်းလျက် ရှိကြောင်း၊ ရှေ့ဆက်၍လည်း အပြောင်းအလဲများ ဆက်လက် ဖြစ်ပွားမည်ဟု မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားသည်။
ကနေဒါ နိုင်ငံသည် မြန်မာနိုင်ငံ ကို ၁၉၈၈ ခုနှစ် မှစတင်၍ စီးပွားရေး ပိတ်ဆို့ မှုများချမှတ်ခဲ့သော နိုင်ငံ
ဖြစ်သည်။ သို့သော် ယမန်နှစ် မြန်မာ အစိုးရက မြန်မာ နိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ကို ခန့်အပ် ခဲ့ပြီး
နောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြန်လည် နွေးထွေးလာခဲ့သည်။
မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် ၎င်းအနေဖြင့် အလွန် စိတ်ထက်သန်လျက် ရှိကြောင်း၊ သို့သော် ကြားဖြတ် ရွေးကောက်ပွဲများ ပြုလုပ်မည့် နောက်သုံးလေးပတ် ကာလကို စောင့်ကြည့် လေ့လာလိုကြောင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်လျက် ရှိသည့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် မဲ မသမာမှု များ မဖြစ်ပေါ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန တာဝန်ရှိသူ များကို မတ်လ ၈ ရက်နေ့တွင် ခေါ်ယူ တွေ့ဆုံ အသိပေး ပြောကြားခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ တာဝန်မှာ ကိုယ်စားလှယ်လောင်း
ရွေးချယ် တင်မြှောက်ခံရရေး မဟုတ်ဘဲ ရွေးကောက်ပွဲများ အား တရားမျှတစွာ ကျင်းပနိုင်ရေး ဖြစ်ကြောင်း၊ ဥပဒေ အရ ခွင့်ပြုထားသည့် ပုဂ္ဂိုလ်များ ကိုသာ ကြိုတင်မဲ ပေးခွင့် ပြုလုပ်မည် ဖြစ်ပြီး ကျန်ပုဂ္ဂိုလ် များ မဲရုံ
၌သာ မဲပေး ရမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် သက်ဆိုင်ရာ မဲဆန္ဒနယ် ၏ မဲစာရင်း တစ်စုံစီ ကူးယူခွင့် ပြုထားပြီး မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးရန် ပြောကြားခဲ့သည်။
သတင်း
The Voice Daily Newsletter
FRIDAY,MARCH 09, 2012
No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ