မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Wednesday, February 29, 2012

ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို

မိသားစုအနုပညာအိမ် | Wednesday, February 29, 2012 | Best Blogger Tips

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)

သုံးရက်အတွင်း ကျောင်းမှ ဆင်းပေးရန် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရ သော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန် ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်
ဟု နိုင်ငံရေးအကျဉ်း သားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။

ယင်းအနေဖြင့် ယနေ့တွင် တိုင်းသာသနာရေး  ဦးစီးဋ္ဌာနသို့ သွားရောက်မေးမြန်းရာ ယင်းဋ္ဌာနမှတာဝန်ရှိသူ
တစ်ဦးက အထက်ပါ အတိုင်း အမိန့်ထုတ်ပြန်ထား သော်လည်း တန်ခူးလအထိ နေခွင့်ရှိသည်ဟု လျှောက်
ထားခဲ့ကြောင်း ဦးဃောသိတကပြောသည်။

‘ နဂိုကတည်းက ဦးဇင်းက ကျောင်းကထွက်ပေးဖို့ မစဉ်းစားထားဘူး။ခုလိုပြောတော့ပိုကောင်းသွားတာပေါ့။’’ ဟု ၎င်းကပြောသည်။

လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေများအား ပဓာနနာယကဆရာတော် ဦးဇောတိက မှ ခွဲစိတ်ရောင်းချမှုကို
ကျောင်းတိုက် နာယကဆရာတော်များထံ ဦးဆောင် တိုင်ကြားသဖြင့် ဦးဇာတိကမှ ၎င်းအား နိုင်ငံတော်
သံဃ မဟာနာယကအဖွဲ့ထံ ပြန်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဃောသိတက ပြောသည်။

ကျောင်းထိုင်ဆရာတော် ဦးဇောတိက ကမူ ထိုသို့တိုင်ကြားရခြင်းမှာ နိုင်ငံရေးနှင့် ဆက်နွယ်ခဲ့ဖူးသည့် ဦးဃောသိတ အား ကျောင်းတွင် မရှိစေလို၍ တိုင်ကြားခြင်းဖြစ်ကြောင်းပြောကြားသည်။

သို့သော် ယင်းကျောင်း၏ တိုက်အုပ်ဆရာတော် ဦးပညာစက္က က “ဦးဃောသိတ လွတ်စက ကျောင်းထိုင်က လက်ခံတယ်။ သူတောင် သိက္ခာထပ်ပေးမယ်ပြောသေးတယ်။ ကျောင်းကိုဖဲ့ရောင်းတာ တိုင်ပြီးနောက်မှ သူက တိုင်တာ ’’ ဟုပြောသည်။

ထိုသို့ တိုင်ကြားမှုကြောင့် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့မှ ဦးဃာသိတအား သုံးရက်အတွင်း
ကျောင်းမှ ဆင်းပေးရန် ယခုလ ၂၇ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဦးဃာသိတအား တိုင်ကြားခြင်းနှင့် အမိန့်ထုတ်ပြန်ခြင်းကို လိပ်ပြာကန်ကျောင်းတိုက်မှ နာယကဆရာတော်များပင်
မသိကြောင်း ဦးညာစက္ကက ဆက်လက်ပြောသည်။

ကျောင်းထိုင်ဆရာတော် ဦးဇာတိကမှ လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေကို အခြားဘုန်းကြီးကျောင်း
သို့ရောင်းချခြင်းအား ယင်းကျောင်း (လိပ်ပြာကန်အလယ်ကျောင်း) ရှိ ကျောင်းနေသံဃာ (၄၅) ပါးအနက် (၃၉) ပါးမှ လက်မှတ်ထိုးကာ ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဦးဇာတိက ကမူ ထိုသို့လက်မှတ်ထိုးသူများအား ဦးဃောသိတမှ လိမ်လည်လက်မှတ် ရေးထိုးစေခဲ့ခြင်းဖြစ်
ကြောင်းပြောသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး လက်မှတ်ရေးထိုးကန့်ကွက်သူများတွင်ပါဝင်သည့် ကိုရင်ကြီး အရှင် ၀ါယာမန္ဒိ က ‘ ကိုရင်တို့ကိုသေချာပြောပြီးမှ ထိုးခိုင်းတာပါ။ လိမ်ပြီးထိုးခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ဆန္ဒနဲ့ကိုထိုးတာပါ’’ ဟု ပြောသည်။

ဦးဃောသိတသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတစ်ပါးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်သည့် ကာလတွင်လည်း မုန်တိုင်းဒဏ်ခံရသည့် နယ်မြေများတွင် ပရဟိတလုပ်ငန်းများ
လုပ်ကိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ် သူငယ်ချင်းဖြစ်သူ သံဃာများအား နိုင်ငံရေး
ပြုလုပ်သဖြင့် အစိုးရက ဖမ်းဆီးခဲ့ရာမှ ၎င်းကိုပါ ထိုင်ဝမ်မှပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံခြားငွေ တရားမ၀င်
ကိုင်ဆောင်မှုပြု၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းသည် ထောင်တွင် သုံးနှစ်ကြာနေထိုင်ခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်မှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ကိုလည်း မန္တလေးမြို့ NLD ရုံးတွင် သြ၀ါဒ ပေးခဲ့ခြင်းကြောင့် ၎င်းသီတင်း
သုံးရာ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ  အမိန့်ထုတ်ပြန်ခဲ့ရာ ယခုလ ၁၉ ရက်နေ့က ထွက်ခွာပေးခဲ့ရသည်။



အနှင်ခံရသူ ဦးဃောသိတ


သတင်း ( YPI )
WEDNESDAY, FEBRUARY 29, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ